ပြည်တော်ပြန် ခရီးမှတ်တမ်းဂျီး (ဇာတ်သိမ်းပိုင်း)

အီ ပြည်တော်ပြန် ခရီးမှတ်တမ်းဂျီးကို စင်္ကာပူမှ ရန်ကုန်သို. အသွားတွင် စရမည်ဖြစ်ပေသိ မရှောင်သာမလွှဲသာသော အကြောင်းကြောင့် အလွန်တရာမှပင် အမှတ်တရ ဖြစ်ဖွယ် ရှိလှသဖြင့် ရန်ကုန်မှ စင်္ကာပူသို. အပြန်ခရီးဖြင့် အစဖွင့်လိုက်ရတော့သတည်း။ WTF!! :(


ရက်ကား ၁၄ လကား ဒီဇင်ဘာ အနည်းငယ်ချမ်းအေးစပြုလာသည်မှာ မိုးရွားပြီးတည်းကဖြစ် ၂ ရက်နှင့် တပိုင်းရှိပြီ။ အကျွနုပ်သည် မသွားခင်၂ရက်ကမှ သံချဆေး အတင်း force လုပ် အတိုက်ခံထားရဖြင့် သံ ကို မြွေထက်ကြောက်သူဖြစ်သည့်အတိုင်း  သံများပါးစပ်မှ မထွက်စေရန် အလို.ငှာ ရခိုင်တို.ထုံးစံအတိုင်း လည်ပင်းတွင် ထုံးနှင့် ဆနွင်း ရောစည်းသုံးချက်ထားပြီးသကာလ ဒုတိယ အရံအတားအဖြစ် သော့ ၃ ချောင်းကို လည်ပင်းမှာ ဆွဲတစ်ညလုံးထိုင်နေရ်ခဲ့သည်ဖြစ်ရာ မသွားခင်တနေ.တွင် နုံးချိ၍ နေမကောင်းဖြစ်လျက်ရှိ ၏ ။ လေယဉ်ကွင်းဆင်းချိန်မှာ နေမပွင့်သေးသော မနက်စောစောဖြစ်သောကြောင့် ၄နာရီမှထက ဟိုထုပ် ဒီသိမ်းစသည်များကို ပြုလုပ်ရ ၏ ။ သို.နှင့် ၅ နာရီအတိတွင်  အိမ်မှ ထွက်ခွာရာ ၆ နာရီ မထိုးခင် မင်္ဂလာဒုံ အင်တာနေရှင်နယ် အဲယားပို. ကြီးသို. ဆိုက်ဆိုက်မြိုက်မြိုက်ရောက်လာလေတော့သည်။  လူအများမှာလည်း တဖွဲဖွဲရောက်ရှိလာကြပြီ ဖြစ်၏။ ပြသနာအစမှာ ဝင်ရမည့် အပေါက်ကို ရှာရခြင်းဖြစ် ၏ ။ အလိုအလျောက်ပွင့်သော အော်တို တံခါးမှ ဝင်မည်ကြံရာ တံခါးမပွင့်သောကြောင့် လူအများရှေ. ရှိုးတိုးရှန်းတန်း အတန်ငယ်ဖြစ်ရ ၏ ။ မော်၍ကြည့်သောအခါ ”တံခါးပေါက်ပျက်နေသည်၊မသုံးရ” ဟူ၍ ရေးထားကြောင်းတွေ.ရဧ။်။ ကွေ.ပတ်ခါ တခြားတစ်ပေါက်မှ ဝင်သွားရဧ။်။ လူများရောက်ရှိနေသော်လည်း ကောင်တာ မဖွင့်သေး။ လူများစုစုရုံးရုံး ရှိနေသောနေရာကို သွား၍  ထိုင်ကြဧ။်။ ထိုင်ရာအနီး တွင် ကောင်တာ တစ်ခုကို တွေ.မိသော်လည်း ဘာသိဘာသာ မေ့မော၍ တောင်တောင်အီအီပြောနေကြလေဧ။်။ လူများ ထိုကောင်တာကို ပိုက်ဆံလေးတွေ ကိုင်လျက် ဝင်သည်ကို မြင်မှ ထိုကောင်တာဖက်ကို တစ်ခေါက်လျှောက်ကာ ကပ်ထားသော စာများကို ဖတ်ကြည့်မိဧ။် ။ ကောင်တာတွင်  "AirPort Service Charge" ဟု စာလုံးကြီးကြီးဖြင့် ရေးကပ်ထားဧ။်။ နောက်ထပ်ကပ်ထားသော စာတစ်ရွက်ကို ဖတ်ကြည့်မိရာ အင်္ဂလိပ်လို  ယူအက်စ် ဒေါ်လာကို စုတ်လျင်၊ ညစ်နွမ်းနေလျင်၊ မှင်စွန်းနေလျင်၊ တိပ် ကပ်ထားလျှင် လက်မခံ ဟု ရေးထားသည်ကို တွေ.ဧ။် ။ တခြားဘာစာမှ မကပ်ထားသဖြင့် မိမိတို. လူမျိုးများ လုပ်ရန်မလို နိုင်ငံခြားသားအတွက်သာဖြစ်သည်ဟု ကိုယ့်ဟာကို ကောက်ချချဧ။်။ နောက်မှ အားလုံးလုပ်ရမည်။ မြန်မာပိုက်ဆံသုံးထောင်ကျသင့်သည်ဟု ကြားမှ နဖူးရိုက်ကာ ဖတ်သီဖတ်သီဖြင့် ပြေးလုပ်ရလေဧ။်။

ထိုနောက် Boarding Pass ရယူရန် အမ်အေအိုင်ကောင်တာသို. တန်းစီသွားရာ ပစ္စည်းများကို စစ်ဆေးသော ကောင်တာကို ဖြတ်ရ၏။ လေဆိပ်သစ်ကြီးပြုပြင်ပြီးမှ ပထမဆုံးရောက်သွားသည်ဖြစ်ရာ အမောင်တောင်မှန်း မြောက်မှန်းမသိ မျက်စိသူငယ်ဖြစ်နေ၏။ စစ်ဆေးသော ကောင်တာ မရောက်ခင် အမင်္ဂလာ ခွေးဟောင်သံ တစ်သံ ကြားရ၏။ ဂိန်ညောင် ဂိန်ညောင်အော်လျင်တောင် ကြားရတာ ကျက်သရေရှိအုံးမည် အနှီ ပဂ္ဂိုလ်သည် အထုတ်များကို စစ်ဆေးသော စက်ထဲသို. ထည့်နေသော ကောင်လေးတစ်ယောက်ကို သံကုန်အော်နေလေ၏။ ဟေ့ကောင် မင်းဘာကောင်လဲ ဘယ်ကလဲ အဲယားပို.စ်ပတ်စ် ပါလို.လား ထွက်သားစမ်း ခွေးမသား စသည်ဖြစ့် လေဆိပ်ကို မှအားမနာ ဆဲရေး၏။ ထို.နောက် ဝတ်ထားသော အင်္ကျီ အကွက်ကို လူအများရှေ.တွင်ပင် ချွတ်ချ၍ စီကျူရတီ ယူနီဖောင်းနှင့်လဲလှယ်ဝတ်ဆင်လေ၏။ နိုင်ငံခြားသား ဧည့်သည်သုံးယောက်မှာ အံ့သြောထိတ်လန်.ကာ လှည့်ကြည့်ကြ၏။ ထိုစဉ် ခွေးဘီလူးကို နက်ကတိုင်ဆွဲထားသော ရုပ်ရည်ရှိသည့် လူဝကြီးတစ်ယောက် လာကာ ညီလေး ဒါအကို.လု အကို တို.အထုပ်တွေဆွဲခိုင်းထားတာ ဟုလှမ်းပြောရာ ထိုခွေးသည် တဝုတ်ဝုတ်အသံ မှချက်ချင်း တအီအီ အစာတောင်းသံလေးကို ပြောင်း၍ နတ်သံနှောကာ အော် ညီလေး မသိလို.ပါအကိုကြီး စိတ်မရှိပါနဲ. တာဝန်အရ မို.လို.ပါ  ညီလေး ဝင်သွားဝင်သွားဟူ၍ သွားဖြဲကာ ပြော၏။ ရုပ်ရှင်ရိုက်လျင် အကယ်ဒမီများရှင် ဖြစ်နိုင်ခြေရှိပေ၏။ နောက်တယောက်မှာ အကျွနုပ်အလှည့်ဖြစ်သည့်အားလျော်စာ ပစ္စည်းများကို တင်လိုက်ရာ အသလွတ်လှမ်းကာ နင်ဘယ်ကလဲ သွားမှာလား လိုက်ပို.တာလား ဘယ်မှာတုံး ပတ်စ်ပို.စသည်ဖြင့် ယဉ်ကျေးစွာ လှမ်းနှုတ်ဆက်လေ၏။ အိတ်ကို ပြန်ယူ၍ ပတ်စ်ပို.ထုတ်မည်ပြုရာ အိတ်တောင် မကိုင်ရသေး အေး ပါရင် ပြီးတာပဲ သွားတော့ ဟုပြောသဖြင့် အလွန်တော်သော် စီကျူရတီဟု မှတ်ချက်ချရ၏။ သို.သော်လည်း ကြည်လင်နေသော စိတ်မှာ ခွေးဟောင်သံ ကြောင့် နောက်ကျိသွားပြီဖြစ်၏။ အမ်အေအိုင်ကောင်တာတွင် တန်းစီနေခိုက် ခုနက ခွေးဘီလူး နက်ကတိုင်ဆွဲကြီးသည် အရှေ.လျှောက်လိုက် အနောက်မျှော်လိုက်ဖြင့် ဟန်ရေးပြလျက်ရှိ၏။ နောက်မှ သေချာကြည့်မိရာ ဒါရိုက်တာကြီး စင်ရော်မောင်မောင် ဖြစ်ပေတော့၏။ ခုမှ မျက်မြင်ကိုယ်တွေ. ရုပ်ရည်မြင်ဖူးသည်ဖြစ်ရာ မေသန်းနုကို အင်မတန်သနားမိလေ၏။  အနှီ စင်ရော်မောင်မောင်သည် အကျွနုပ်ဘေးမှ တန်းစီနေကြသော လူများကို ဗွီဒီယို ရိုက်ရန် ကင်မရာမင်းအား မှာကြားလျက်ရှိ၏။ အပြောကို နားစွင့်ရာ အမ်အေအိုင် ကြော်ငြာရိုက်ကူးရန်အတွက်ဖြစ်ကြောင်းသိရ၏။  အမ်အေအိုင်လေယဉ်မှ ကောင်တာထိုင်မမတို.မှာ နဂိုမျက်နှာကြောက တင်းတင်းကနေ ဗွီဒီယို ရိုက်နေကြောင်းသိ၍ အတင်းမျက်နှာချိုထားသော်လည်း ချိုပုံမကျ သဖြင့် ဒါရိုက်တာမှ ညီမလေး နည်းနည်းပြုံးလေ ဟု ၃ ခေါက်တိတိ ပြောယူရ၏။ ခရီးသည်မှာ ဘုမသိ ဘမသိ ရိုက်ခွင့်လည်းမတောင်း ပဲ မျက်နှာနားကပ်၍ ကင်မရာကြီး ဗြုန်းခနဲရောက်လာသဖြင့် တောင်ပြေးရမလိုလို မြောက်ပြေးရမလိုလို ဖြစ်ကုန်၏။ ဒါရိုက်တာမ အန်တီ ပြုံးပြုံးလေး နေပါအုံး ဟု လိုအပ်သည်များကို ညွှန်ကြားပြသနေရာ ခရီးသည်မှာ စိတ်ပိန်ကာ ပြုံးမဲ့မဲ့ကြီးဖြစ်နေလေ၏။

ထိုနောက် ကံကောင်းလှစွာသော အကျွနုပ် အလှည့်သို.အရောက်တွင် အဲယားပို. ကြီးတစ်ခုလုံး မီးပျက်သွားတော့၏။ မျက်ထားတင်းသော ကောင်တာ မမသည် မာန်အနည်းငယ်လျှော့ကာ ဆောရီးနော် မီးပြတ်သွားလို. စစ်စတမ်ကျသွားတယ် ဟု တောင်းပန်စကားဆိုလေ၏။ ၂ မိနစ်ခန်. အကြာတွင် မီးပြန်လည် ရလာ၏။ ၄င်းနောက် အကျွနုပ် မှာ အလွန်တရာ ခေါင်းခဲဖွယ်ကောင်းသော ပြသနာနှင့် ထိပ်တိုက်ကြုံရတော့လေသတည်း။ ဖြစ်ပုံမှာ ဒီဖောင်း ( D Form) လုပ်မလာမိခြင်းဖြစ်၏။ မိမိပေါ့လျော့မှုနှင့်ဆိုင်သော်လည်း မြန်မာပြည်ကို မပြန်သည်မှာ ကျောင်းသားဘဝတည်းက ဖြစ်၍ ပြန်သောအခါတိုင်း ဒီဖောင်းလုပ်ရန်မလိုခဲ့။ သတိလည်းမထားမိဘဲ မေ့မေ့လျော့လျော့နေခဲ့သည်ဖြစ်ရာ ထိုကျမှ ပြသနာတက်ပြီဖြစ်ကြောင်းသိ၏။ အနည်းငယ်စိတ်ပူလာကာ ပတ်ဝန်းကျင်ကို သတိ မထားနိုင်ပဲ ဟိုမေးဒီစမ်းနှင့် ပြသနာကို ဘယ်လိုဘယ်ပုံ ရှင်းရမည့်အကြောင်းကို မေးမြမ်းစုံစမ်းမိ၏။ ထူးဆန်းသည်မှာ ကောင်တာမမသည် မေးသမျှကို ဖြေ၍  မျက်နှာက သကာကဲ့သို.ချိုထားကြောင်းဖြစ်၏။ အင်မီဂရေးရှင်း အော့ဖစ်စ်ကို သွားပါဟူ၍  ဖြေလိုက်၏။ သူတို.သဘောတူက Boarding Pass ထုတ်ပေးမည် မတူလျှင် ထုတ်၍ မရဟူ၏။ စိတ်တွေမူးဝေနောက်ကျိလာပြီး အလောသုံးဆယ် လှည့်ထွက်လိုက်ရာ မျက်စိမှာ စူးရှသွား၍  ဘယ်တုန်းက ဘယ်လို ရောက်နေ မှန်းမသိသော ကင်မရာကြီးကိုတွေ.ရ၏။ သည်တော့မှာ ကောင်တာ မမ မျက်နှာချို ရခြင်းအကြောင်းရင်းကို သဘောပေါက်လေ၏

သို.သော်လည်း Boarding Pass မရသေးသဖြင့် ဘာကိုမှ ဂရုမစိုက်နိုင် ဗိုက်ကလေးကိုတောင် ရှပ်အောင် အသက်မအောင့်နိုင်ပဲ ဖနောင့်နှင့်တင်ပါး တသားတည်းကျအောင် အင်မီဂရေးရှင်း အော့ဖစ်စ်သို.ပြေးရလေ၏။ အင်မီဂရေးရှင်း ဝန်ထမ်းတစ်ယောက်နှင့်လမ်းတွင်တွေ.ရာ သူကရှင်းပြ၏။ ဒီလိုလေ ဒီဖောင်းဆိုတာက စသည်ဖြင့် ရာဇဝင်ကို စာတင်၍ ရှင်းပြရာ တရားနာရလေ၏။ နောက်ဆုံးမှ လိုရင်းကို ရောက်၏။ ဦးတို.ကူညီနိုင်တယ် နှစ်သောင်း ဟူ၏။  သို.နှင့် သူခေါ်သွား၍ သူ.ရုံးခန်းကို ရောက်ရှိသွားရာ အိမ်သာနား အကြိုအကြားတွင် လေးပေပတ်လည်မျှရှိသည်ဟု ခန်.မှန်းရသော ခမ်းနားလှသည့် အင်မီဂရေးရှင်း အော့ဖစ်စ်တော်ကြီးကို ဆိုက်ဆိုက်မြိုက်မြိုက်တွေ.ရလေ၏။ ဝင်သွားရာ ” ဆရာ ဒီမှာ ပါလာပြီ စောစောစီးစီး ဒီဖောင်းလုပ်မလာလို.တဲ့” ဟူ၍ အရေးတယူမိတ်ဆက်ပေးခြင်းကို ခံရလေ၏။ အောဖစ်ဆာ ဟုထင်ရာသူမှာ ဥပဓိရုပ်ကောင်း၏။ ညီမက ဘာလို. မလုပ်လာရတာလဲ ဟုအေးအေးဆေးဆေးပြောသဖြင့် အားတက်ကာ မသိနားမလည်ကြောင်းရှင်းပြရလေ၏။ ထိုနောက် မိမိကိုယ်ကို အသက်သိပ်မကြီးသေးဟု ထင်သော လူမျိုးဖြစ်သည့်အားလျော် အမှန်တကယ် လူသက်နှင့်တွက်လျင် ကိုယ့်ထက် ၄ နှစ်လောက်ကြီးမည်ထင်ရသောသူကို ဦးဟု ခေါ်မိရာ ဒီရုပ်နဲ. ဒီရုပ်နဲ.ကိုများ ဦးဟုခေါ်ရဲသလားဟု စဉ်းစားမိ၍လား မဆိုနိုင် မျက်နှာမှာ နေထိသောပန်းသို. နွမ်းသွားလေတော့၏။ ထိုမှ အစပြု၍ စကားပြောအဆင်မပြေတော့။ လိုရင်းမှာ လိုက်ပို.သောသူများ မပြန်သေးလျှင် ပြန်ခေါ်လာရန် ဖြစ်၏။ ထိုနောက် နားမလည်၍ ပြန်မေးမိလျှင် ငါခုနက ညဉ်းကို ပြောထားတယ်လေ မမှတ်မိဘူးလားဟူ၍ ပြန်ပြော၏။ ဘာမှလည်းသူက ရေရေရာရာ မပြောပြသဖြင့် လူမှာ ကိုယ့်ကိုယ်ကို နလပိန်းတုံးသကဲ့သို. ခံစားရလေ၏။ ထိုနောက် ဖတ်သီဖတ်သီ ပြေးကာ အမေ့ကို ပြန်ခေါ်ရ၏။ ကိုယ့်သမီး အကြောင်းကိုယ်သိ သောမိခင်မှာ လေယဉ်ထွက်မှ ပြန်လေ့ရှိသဖြင့် စောင့်နေမည်ကို သိပြီးသားဖြစ်၏။ ထုံးစံအတိုင်း အပူလွှမ်းသော ဘာပြသနာဖြစ်ပြန်ပြီလဲမသိဘူး ဆိုသော မျက်နှာပန်းဖြင့်ပြေးလာ၏။ ထို.နောက် လေယဉ်ကွင်း အတွင်းထဲကို ဝင်ရသော ဝမ်းတူး ကဒ် ဆိုသော ကဒ်ပြားကို မှတ်ပုံတင်နှင့် လဲလှယ်ရယူရန်ဖြစ်၏။ ထိုမှာ အရစ်ခံရသေး၏။ ဝန်ထမ်းကဒ်ပါမှ ပေးမယ် လုပ်နေသဖြင့် အင်မီဂရေးရှင်း နှင့် ကိုင်ပေါက်မှ ကဒ်ကို စွန်.ကြဲတော်မူ၏။ ထိုနောက် အင်မီဂရေးရှင်း အော့ဖစ်စ် ကို ပြန်ပြေးရပြန်၏။ အောဖစ်ဆာမှ ဘာကြောင့် Boarding Pass မယူလာရသလဲ ဟု မာန်တော်မူ၏။ အမေကပါ ဝိုင်းဆဲသဖြင့် သူမှ မပြောတာ ယူရမယ်လို. ဆိုတော့ အမေ့ကို ပြန်ပြောရာ ကိုယ်တော်ချောမှာ ဆတ်ဆတ်ခါ၍ နာတော်မူက ”နင့်ကို ငါတို.က လက်မှတ်မထိုးပေးရင် နင်ငိုယိုပြီးပြန်သွားရမယ် နားလည်လား“ စသည်ဖြင့် ချိုချိုသာသာပြောလေသည်။ ထိုနောက် Boarding Pass ကိုပြေးယူကြရပြန်သည်။ ပြီှးမှ အပေါ်ပြန်တက်၍ ရုံးပြန်သွားရပြန်ရာ ဒီမှာ ခဏစောင့်ဟုပြောကာ တခွန်းမှပင်မဟ လှည့်လည်းမကြည့်ဘဲ အမျက်တော်ရှနေလေတော့၏။ အကျွနုပ်က လည်း ပါးစပ်ဆတ်ဆော့ကာ ဘယ်လောက်ထိ စောင့်ရအုံးမှာလဲ လေယဉ်က ၈ နာရီနော် ဟုသွားမေးရာ လူကြီးကို စောင့်ရအုံးမှာ သူ.လက်မှတ်ပါမှဖြစ်မှာ ဟု ခပ်ထန်ထန်ပြော၏။ လူကြီး ဘယ်သူလဲဟု မေးလိုက်ရာ ဦး xx နင်သိလို.လား ဟု ခပ်ရွဲ.ရွဲ.မေး၏။ သိဘူးဟု ပြန်ဖြေလိုက်ရာ ကြောင်ကြည့်နေလေ၏။ 

အမေ့မှာ ဘယ်လိုလုပ်ပေးရမလဲ မသိဘူး သား စသည်ဖြင့် မြန်မာပြည်သူ ပီသစွာ မျက်နှချိုသွေးနေလေသည်။ မရတော့ ပြီ လူကြီးနှင့် ကိုင်ပေါက်ချင်သည်ဟု အထင်ရသွားသဖြင့် ဘုကြီးပဲ ကျနေတော့သည်။ အမှန်က ကိုယ်က ပါးစပ်ဆော့ပြီး သွားမေးတာ။ လူကြီးဘယ်တော့လာမလဲဟု သွားမေးရာ မသိဘူး ဟုဖြေ၏။ လေယဉ်အချိန်မီပမလားဆိုတော့  မပြောတတ်ဘူးဟု ဆို၏။ အမေကား မျက်နှာပျက်နေပြီ။ သည်အချိန်တွင် လူကြီးဝင်လာလေ၏။ ဘာဖြစ်ကြတာလဲ ဟုဆို၏။ ထိုနောက် ပတ်စ်ပို. အားကြည့်ကာ အော် စစ်တွေကလားဟု မေး၏။ စစ်တွေအိမ်နှင့်ကပ်လျက် လဝက ခြံဝင်းကြီးဖြစ်ကြောင်း သတိရလာ၏။ အမေက ဒီိထိပ်ပြောင်ကို မြင်ဖူးတယ် ဟူသောအကြည့်နှင့် လက်ကုတ်၏်။ အေးအေးဆေးဆေးပဲ ပြောကာ လက်မှတ်ထိုးပေးလိုက်၏်။ စစ်တွေဘယ်မှာနေလဲ ဆိုတော့ ဂေါက်ကွင်းနားမှာ ဟုဖြေရာ ခေါင်းတညိတ်ညိတ်နှင့် လုပ်နေကာ ကဲကဲ နောက်ကျနေမယ်သွား ဟုပြော၏။ အမေ့ဖက်သို.လှည့်ကာ တွေ.လား လူကြီး က သဘောကောင်းပါတယ်  အောက်ကလူတွေကသာ မပြည့်အိုးဘောင်ဘင်ခတ်တာ ဟူ၍ ရသလောက်နှက်ပြီး လူကြီးကန်မထုတ်မီ ကော့ကော့ ကော့ကော့နှင့် ရှေ.က ပြေးနှင့်၏။ အမေကား မျက်နှာ ထားစရာမရှိ မျက်နှာငယ်အောင်လုပ်သွားသော သမီးဖြစ်သူကို လက်ပင်မပြပဲ အမျက်တော်ရှကာ ပြန်သွားလေတော့၏။

အင်မီဂရေးရှင်း ကောင်တာတွင် တန်းစီရပြန်၏။ ကောင်တာရှိ ကိုကို မများမှာ တလောက လုံးသူ.ဆန်စားနေရသောမျက်နှာများဖြင့်ဖြစ်၏။ ပေါင်မုန်.စားသော အင်္ဂလိပ်များကို မူ အထူးတလည် ပြုံးပြကြ၏။  ထိုငရဲခန်းကို ဖြတ်ကျော်ပြီးသောအခါ အမ်အေအိုင် လေယဉ် ဂိတ်အထိကို သွားလို.ရပြီဖြစ်၏။ စောင့်၍ မကြာမီ အချိန်အတွင်းမှာပင် ပုတု ကွတ ခြေသိမ်ဖင်လိမ် နှာယောက်ကောက် နာဖူးမောက်သော အမ်အေအိုင် လေယဉ်မယ်တို.သည် အလိမ့်လိမ့်အလူးလူးဖြင့် လှိုင်းမူးသကဲ့သို.  လမ်းလျှောက်လာကြကုန်၏။ မကြာသော ကာလအတွင်းမှာပင် လေယဉ်တက်ခွင့်ရရှိရာ လေယဉ်တက်သော လမ်းတလျှေက်တွင် ဝန်ထမ်းသုံးဦးတို.အား ၃ ခေါက် လေယဉ်မောင်မယ်များကို နှစ်ခေါက်ခန်.စီ မိမိတို. ကိုင်ဆောင်လာသော ပတ်စ်ပို. နှင့် လေယဉ် ခုံနံပါတ်ကို ပြသကြရလေ၏။ အားလုံးကလည်း လေယဉ်လက်မှတ်ကို ကြည့်ကာ လေယဉ်အတွင်းဘက်သို. လက်ပြ၍ ဒီဘက်မှာပါရှင် ဒီဘက်မှာပါခင်ဗျာဟူ၍ ပြောကြကုန်၏ ။ အံ့ဘွယ် ဆားဗစ်ပင်ဖြစ်တော့၏။

ထူးထူးဆန်းဆန်း လေယဉ်မောင် ၃ယောက်တွေ.သဖြင့် အံ့သြမိသေး၏။ မြန်မာလေယဉ်မောင်များမှာ ထူးဆန်းလှသည်။ ချောတဲ့တစ်ယောက်က ပေမမီ ဒေါက်မမီ၊ ပေမီဒေါက်မီတယောက်က မချောစသည်ဖြင့်လက်ရွေးစင်တွေ ရွေးထားပုံရသည်။ မြန်မာပြည်မှာ ချောတဲ့သူ ဒီလောက်ရှားရော့သလားဟု ကြားထဲက ရင်နာမိသေး၏။ တယောက်သော လေယဉ်မောင်မှာ စိတ်ပုတီးစက်ကလေး တချပ်ချပ်ဖြင့် လေယဉ်ကို သုံးပတ်ပတ်၍ လမ်းလျှောက်ကာ ပြန်ဝင်သွား၏။ အော် ဘေးအန္တရာယ်ကင်းအောင်နေမှာပေါ့ကို သာဓုခေါ်ရ၏။  လေယဉ်မောင်၊မယ် တို.သည် အလွန်ထူးဆန်းသော နားထောင်၍ ကောင်းသည့် အင်္ဂလိပ်စကား တစ်မျိုးဖြင့် လေယဉ်တွင် announcement များပြုလုပ်ကြ၏။ အင်္ဂလိပ်များကို တိုင် စူးစူးစိုက်စိုက် ကြီးနားထောင်လျင်တောင် နဝေတိမ်တောင် ဖြစ်နေပုံ ပေါ်ကြသဖြင့် အတော်အဆင့်မြင့်သော အင်္ဂလိပ်စကားပေပဲဟု  ကောက်ချက်ချရ၏။ တစ်ခါ ဘေးနားမှ အညာသား မြန်မာရုပ် စစ်စစ်ကြီးနှင့် ကွမ်းစားတတ်သော ဦးလေးက ငပိသံဖြင့် အင်္ဂလိပ်ကို ပြောကာ လေယဉ်မယ်လေးမှလည်း ငပိသံဖြင့် ပြန်၍ပြောကာ ဘာလိုမှန်းမသိ ပတ်ချာလည်ရိုက်ကုန်ကြ၏။ ဘီယာတစ်ခွက်လို.ပြောပါက ပြီးမည့်ကိစ္စကို အနှီဦးလေးမှ one cup of beer ဟုပြောကာ ဂေါ်လီရိုက်ကုန်ကြသည်မှာ မနေနိုင်သော ကိုယ်က ဝင်၍ ဥိးလေးက ဘီယာသောက်ချင်တာတဲ့ အမဟု ဗမာနှစ်ယောက်ကို ဗမာလို ဘာသာပြန်ပေးလိုက်တော့မှ ရပ်သွားကြ၏။ အံ့ဘွယ်သုတပဲ။ ဒီဒုက္ခတွေကို ဘယ်နှစ်နှစ်လောက် ကြာကြာခံရအုံးမလဲမသိ။ တခေါက်သွားရင်တစ်ခေါက် စိတ်ကုန်ရ၏။ အိမ်း ဒီလောက်နဲ.ပဲ ပြန်တော်ပြန်ခန်း ဇတ်လမ်းရဲ. ဇာတ်သိမ်းပိုင်းကို အရင်တင်ပြပေးလိုက်ပါ၏။ ဇာတ်လမ်းအစကတော့ နောက်များမှ ပေါ့နော။း)

ခိုင်ဝေဇံ

1 comments:

shin said...

ဇာတ်သိမ်းပိုင်းဆိုလို့ ဘယ်တုန်းကဇာတ်စသွားလဲလို့ပြန်ကြည့်ရသေးတယ်။ လေဆိပ်ကလူတွေကအကြောင်းကတော့ ပြောမဆုံးပေါင် တောသုံးတောင်ပါပဲ။ ခိုင်ပြန်နှက်ခဲ့တဲ့အကွက်လေးကို သဘောကျတယ်။