Fish & Co သို.မဟုတ် အတိတ်က အရိပ်တစ်ခု

Fish & Co ကို ကိုယ့်လောက်  ဒီတေးလ် Review လုပ်နိုင်တဲ့လူ ရှားပါလိမ့်မယ်။ ဘာလို.လဲ ဆိုတော့ ကိုယ်က အဲဒီမှာ အလုပ်လုပ်ခဲ့တာကိုး။  အဲဒီက ဟင်းတိုင်းနဲ. အကျွမ်းဝင်သလို အားလုံးနီးပါးမြည်းစမ်းကြည့်ဖူးပါတယ်။ Fish & Co အကြောင်းကိုရေးမယ်ဆိုရင် ဟင်းအကြောင်းတင်မကဘူး ကိုယ့်အကြောင်းတွေကိုပါ ထည့်ရေးရလိမ့်မယ် ထင်တယ်။

စင်္ကာပူကိုရောက်လို. ကျောင်းစတက်ပြီး ၃ လမှာ ကိုယ်အလုပ်ရှာပါတယ်။ ပါတ်တိုင်း အလုပ်ကလေးများရမလားပေါ့။ လူချမ်းသာ သားသမီး မဟုတ်သလို၊ ဒီကိုရောက်တဲ့ အချိန်မှာ ကိုယ့်အသက်ကလည်း သူများတွေလို ၁၆ ၁၇နဲ.လာတာ မဟုတ်တော့ဘူးလေ။ နည်းနည်း ကြီးတယ်ဆိုတော့ မိဘဆီက ပိုက်ဆံလတိုင်းလှမ်းတောင်းရမှာ ရှက်လို.ပါ။ ကိုယ်အလုပ်တခါမှ မလုပ်ဖူးဘူး။ သူငယ်ချင်းတွေက ပြောပြတာပေါ့။ ဟိုတယ် မှာလုပ်လို.ရတယ်။ စားသောက်ဆိုင်မှာ လုပ်လို.ရတယ်တဲ့။ ဘယ်မှာလုပ်မလဲဆိုတော့ ကိုယ်က ကိုယ့်အိမ်နဲ.နီးတဲ့  စားသောက်ဆိုင်ပဲရွေးလိုက်တယ်။ ဗမာမန်နေဂျာဆိုလို.လည်းပါတယ်။ လက်ထောက်မန်နေဂျာကလည်း ဗမာပဲ။ ရောက်စ တုန်းကတော့ ဗမာမြင်ရင် နှုတ်ဆက်စကားပြောချင်တယ်။ အလိုလိုကို ဝမ်းသာနေတာ။ ဗမာ များတယ် မသွားနဲ. ဆိုတဲ့ စကားမျိုးပြောရင် အံ့သြမိတာပေါ့။ ကိုယ်ကတော့ ဗမာမန်နေဂျာတွေဆိုတာနဲ. ဝမ်းကိုသာလို. သွားအလုပ်လျှောက်ပါတယ်။ အင်တာဗျူးခံရတာပေါ့လေ။ မန်နေဂျာက ဗမာတရုတ်ပါ။ ကိုနော်မန်တဲ့။ ရုပ်မြင်တာနဲ.ကို သဘောကောင်းတဲ့ရုပ်ဆိုတော့  အားတက်တာပေါ့။ အလုပ်လုပ်နိုင်လားတဲ့။ လုပ်နိုင်တယ်ပေါ့။ ဘယ်သူက မလုပ်နိုင်ဘူးလို. ပြောမှာလဲ။ ပင်ပန်းမယ်နော်တဲ့။ ရတယ်ပေါ့။ ကဲဒါဆိုရင် အလုပ်ဆင်းလို.ရပြီ ဆိုတော့ ကိုယ့်မှာ ထီပေါက်တဲ့ အတိုင်းပဲ။ အဲဒါနဲ.ပဲ Fish & Co မှာ စပြီးအလုပ်လုပ်ဖြစ်ပါတယ်။

အဲဒီက အစားအသောက်တွေကို စပြီးမြည်းနဲ.နေ.တုန်းကများဆိုရင် ကိုယ့်မှာကြိုက်လွန်းလို. ငါဒီဆိုင်ကိုရွေးတာ မှန်လိုက်လေခြင်းဆိုပြီး တပြုံးပြုံးနဲ.ပါ။ ဒါပေမယ့် ဧည့်သည်တွေကို Serve လုပ်ရမဲ့အချိန်ကိုရောက်လာရင်တော့  ကိုယ့်လောက်စိတ်ညစ်တာမရှိဘူး။ စားပွဲထိုးလုပ်ရတယ်ဆိုတာ မလွယ်ပါလား ဆိုတာ အဲဒီတော့မှသိတာ။ တခါတလေ ကိုယ့်ဘဝကိုတွေးပြီး ငါတော်တော်အဖြစ်ဆိုးတာပဲလို.တွေးမိတယ်။ မြန်မာပြည်က စားပွဲထိုးတွေလုပ်သလို မျက်နှာထားတင်းတင်းနဲ. လုပ်လို.မရပါဘူး။ မျက်နှာပေါ်ကို သကာလောင်းထားသလို ပြုံးချိုအောင် ထားရပြီးတော့ ဧည့်သည်အကြိုက် ရေဆိုရေ၊ ဆော့စ်ဆိုဆော့စ် အပြေးအလွှားလုပ်ပေးရတာပါ။ အစတုန်းက ကိုယ့်အတွက် အ၇မ်းခက်ခဲပေမဲ့ နောက်ပိုင်းကျတော့ ဒီအလုပ်ကို ကိုယ်သဘောကျပါတယ်။ ကိုယ်က စေတနာနဲ.လုပ်ပေးတယ်။ အဖြစ်လုပ်ပေးတာ မဟုတ်ဘူး။ ဝါသနာပါတယ် ဆိုတာကို သိလာတယ်။ ကျောင်းထက် အလုပ်ကို ပိုပြီး ဦးစားပေးချင်လာတယ်။ ကိုယ် တစ်ပါတ်မှာ ခြောက်ရက် ပုံမှန် အိုတီရှိရင် ၇ရက် စလုံးဆင်းပါတယ်။ လောဘပေါ့လေ။ ညောင်းတာကတော့ ညောင်းသလားလို.မမေးနဲ.။ ညညကျရင် ခြေထောက်နာလွန်းလို. မျက်ရည်ပူတွေကျတယ်။ မနက်ကျတော့ ထပြီးကျောင်းသွားရတယ်။ ဒါပေမယ့် ကိုယ်က ကျောင်းမှာ သိပ်မပျော်ဘူး။ Fish & Co က ကိုယ့်အိမ်လိုကို ခံစားရတာ။ ကိုယ်အိမ်မှာ ထမင်းမစားဘူး။ အဲဒီမှာပဲစားတယ်။ Staff Meal ဆိုပြီးသက်သက်လုပ်ကျွေးတာကိုး။  ကိုယ် ၃ နှစ်တိတိ ကျောင်းပြီးတဲ့အထိ အဲဒီမှာလုပ်ခဲ့တာ။ ကိုယ့်ကို Fish & Co က  စာသင်ပေးလိုက်တယ်လို.တောင် ခံစားရတယ်။ ကိုယ်ပိုလီတလျှောက် အိမ်က ပိုက်ဆံမတောင်းခဲ့ရဘူး။ ပျော်ခဲ့တာရှိသလို တခါတလေ ကွန်ပလိန်း အတက်သန်တဲ့ စလုံးတွေကြောင့်စိတ်ညစ်ခဲ့ရတာရှိတယ်။ ဧည့်သည်ဆူလို. မျက်ရည်တောင်ကျခဲ့ဘူးတယ်။ ခုတွေးကြည့်တော့လဲ ဘာမှမဟုတ်တော့သလိုပဲ။

အလုပ်လောဘကြီးတဲ့ကိုယ်က ကျောင်းပိတ်ရက်ဆို Fish & Co တစ်ခုတည်းမှာ မလုပ်ပါဘူး။ Orchard က Takashimaya ကုန်တိုက်မှာ ကတ်ရှာ သွားလုပ်သေးတယ်။ အဲဒါက လုပ်ရတာတန်တယ်။ တရက်ကို ၁၀ နာရီ ဆင်းရပြီးတော့ တနာရီ ၆ ကျပ်နှုန်းရတယ်။  ကိုက်တာပေါ့။ ရပ်တာကတော့ အသကုန်ရပ်ရပါတယ်။ ဒါပေမယ့် စားသောက်ဆိုင်မှာလုပ်သလိုတော့ တစ်ဆိုင်လုံး ပတ်မပြေးနေရဘူးပေါ့။ ကိုယ်တို.ကို ငှားတာက ပရိုမိုးရှင်းအတွက်ငှားတာ။ Sale ချတဲ့အချိန်ပေါ့။ လုပ်ပျော်ပါတယ်။ အဲဒီမှာ ၂ လလောက်လုပ်ပြီးရင် ကိုယ် မြန်မာပြည် တစ်ခေါက်ပြန်နိုင်တယ်။    ပြီးတော့ အဲဒီမှာ အလုပ်မရှိတော့ရင် စက်ရုံတွေ လိုက်ကြည့်သေးတယ်။ စက်ရုံတွေဆိုလည်း အလုပ်သက်သာတယ်။ သူတို.က အလုပ်ချိန်ကြာတယ်။ ဒါပေမယ့် အလုပ် ၄ရက် ဆို၎ ရက် ဆင်းပြီးတာနဲ. ပိုက်ဆံရှင်းပေးတယ်။ ဒီတော့ လုပ်ရတာ တန်တယ်။ ခုကိုယ် စဉ်းစားကြည့်တာနဲ.တင်မောတယ်။ ဟိုတုန်းက တော့ မောတော့မောတာပေါ့ ဒါပေမယ့် မမောဘူးပဲ။  တချို.ကတော့ ပိုက်ဆံရလွယ်တဲ့ ဘားတို.ဘာတို.မှာ သွားလုပ်ကြတယ်။ ကိုယ်ကတော့ သဘောမကျလို. သွားမလုပ်ဘူး။ အနည်းဆုံး သူတို.က တွဲက ဆိုကရတယ်။ လက်ဆွဲ ပခုံးလှမ်းဖက်တာတွေရှိတယ်လို. ဘားမှာလုပ်တဲ့ ကိုယ့်ရဲ. ယောက်ျားလေး သူငယ်ချင်းတွေကပြောတယ်။  ကိုယ်ကတော့ အမေတို. စိတ်ပူမှာစိုးလို.ပါ။ သူတို.မှာ ကိုယ် စားပွဲထိုးလုပ်တာကိုတောင် တော်တော် သနားပြီး စိတ်ပူနေပြီ။ Fish & Co က မိသားစုဆိုင်ဆိုတာကို မနည်းပြောယူရတယ်။ သူတို.က အဆိုတော်တွေဘာတွေနဲ. သူချင်းတွေဆိုပြတဲ့ မြန်မာပြည်က ဆိုင်တွေလိုမှတ်နေတာ။ အမေလာတော့ လိုက်ပြလိုက်ပါတယ်။ အဲဒီတုန်းက ကျောင်းပြီးလို. ကိုယ်ဘွဲ.ယူတော့ အမေရောက်လာတယ်။ ကိုယ်က ၁ရက် ၂ရက်စီ Fish & Co မှာ အလုပ်ဆင်းဖြစ်သေးတယ်။ အမေ့ကို ဆိုင်ပိတ်ချိန် တရက် သူငယ်ချင်းက ခေါ်လာပေးလို. ဆိုင်ထဲမှာ ထိုင်စောင့်ခိုင်းပြီး ကျွန်တော်က တံမြက်စည်းလှဲ ပြီး မော့ပ် တိုက်တာပေါ့ ကြမ်းပြင်ကို။ ကိုယ်ကတော့ အမေ့ရှေ.မှာ အလုပ်လုပ်တွေလုပ်ပြတာကို ဂုဏ်ယူနေတာပေါ့။ အမေက မကြည့်ဘူး။ အလုပ်ပြီးလို. အပြင်ကို ထွက်လာကြတော့ အမေကပြောတယ်။ ငါမကြည့်ရက်ဘူး။ ရင်ဘတ်တွေတောင် ဆို.တက်လာတယ်တဲ့။ အိမ်မှာ ရိုက်ခိုင်းရင်တောင်မှ ပန်းကန်လေးတစ်ချပ်ကောက်မဆေးတဲ့လူက ဒီလိုလုပ်နေရတော့ အမေ ရင်ကွဲတာမဆန်းပါဘူး။ ကိုယ်လည်း စိတ်မကောင်းဘူး။

အဲဒီလို ပလီစိချောက်ချက်ပြောနေတာနဲ.တင် အစားအသောက်အကြောင်းမရေးရသေးဘူး။ ကိုယ်အလုပ်လုပ်ကတည်းက အဲဒီက အစားအသောက်တွေကို ဝယ်စားတာ။ Fish & Co ကိုရဲ. အကောင်းဆုံးကတော့ Fish &Chips ပါ။ သူတို.သုံးတဲ့ Garlic Lemon Butter Sauce ဆိုတာ သူတို.ကို သူဌေးဖြစ်အောင်လုပ်ပေးလိုက်တဲ့ ဆော့စ် လို.ပြောလို.၇တယ်။ တော်တော်ကို အရသာရှိပါတယ်။ Fish & Co ကိုရောက်ခဲ့မယ်ဆို ဒီ အစားအသောက်တွေကို ရအောင်စားကြည့်ပါ။

  1. Fish & Chips
  2. Fried Calamari
  3. Mussels in garlic lemon butter sauce with baguette (Mussels from New Zeland)
  4. Seafood Platter for 2 (Prawns are Myanmar Tiger Prawns- kwi kwi so proud to say)
  5. Swordfish Collar
  6. Chili Crab (Indonesia Mud Crab)
  7. Baked Salmon (Salmon form Norway)
  8. Big Fish drinks (Sharkie Freeze etc)
Fish & Co က Fish & Chips ကိုစားပြီးရင် ကျန်တဲ့ နေရာတွေက Fish & Chips ကိုစားလို. ဝင်ဖို.တော်တော်ခက်ပါတယ်။ Fish & Chips ကို ဘယ်နေရာမှာမှ ကိုယ်စားလို.မဝင်တော့ဘူး။ အဲဒီဆိုင်ရောက်မှ စားဖြစ်ပါတယ်။ နောက် ဖေးဗရိတ်ကတော့ Mussels in garlic lemon butter sauce ပါ။ အဲဒီ garlic lemon butter sauce က Fish & Co ကိုဆုတွေ ဘယ်နှစ်ဆုများရအောင် လုပ်ပေးပြီးပြီလဲ မသိဘူး။ အရသာအရမ်းရှိတယ်။ တစ်ပွဲကို ၁၄.၅၀ ကနေ  ၄၅ ကျပ်အထိ ဈေးနှုန်းအစုံရှိတဲ့အတွက် ဈေးမချိုသလို ဈေးကြီးတယ်လို.မဆိုနိုင်ပါဘူး။ တော်ရုံတန်ရုံ ဆိုင်တိုင်းနီးပါးက အဲဒီဈေးအတိုင်းရှိပါတယ်။ Newyork Newyork လိုဈေးကြီးပြီး သိပ်မကောင်းတဲ့ ဆိုင်မှာ စားမဲ့အစား Fish & Co ကိုသွားစားလိုက်ရင် ဈေးချင်းတူပေမယ့် ကွာလတီကောင်း အရသာရှိတဲ့ အစားအသောက်ကို စားရပြီး Customer Service ကလည်းပိုသာပါတယ် (လူအင်မတန်ရှုပ်နေရင်တော့ တစ်မျိုးပေါ့ အဟီး)။

ကဲအပိုတွေ သိပ်မပြောတော့ဘူး။ ဓါတ်ပုံလေးတွေ တင်ပေးလိုက်ပါတယ်။ အရင်တုန်းက စားထားတဲ့ ဓါတ်ပုံတွေက ပျောက်သွားတယ်ဆိုတော့ သိပ်တော့ ပုံမစုံတော့ဘူး။ မနေ.က ION က Fish & Co မှာ ဝင်စားဖြစ်လို. ရိုက်လာတဲ့ ပုံလေးတွေပဲ တင်ပေးလိုက်ပါတယ်။

 Fried Calamari (Squid Ring) ကကောင်းပေမယ့် ကျန်းမာရေးအတွက် Grilled လုပ်ထားတာလေးပဲ စားဖြစ်ခဲ့ပါတယ်။ အဟက်။ အမှန်က အကျော်တွေစားတာများနေလို. နည်းနည်းလျှော့တာပါ။ သူက Starter ပါပဲ။
်Fish & Chips စားဖြစ်အောင် စားကြည့်ပါ။ ကြွပ်ကြွပ်ရွရွ နဲ. lemon butte Sauce ကလေး အပေါ်ကဆမ်းပေးထားတယ်။ သူတို.ပေးတဲ့ Tar Tar Sauce ကလေးကိုသုပ်၊ Garlic ကလေးထည့်ပြီး စားလိုက်မယ် ဆိုရင်တော့ နတ်ပြည်ရောက်တဲ့အတိုင်းပဲ။

ဒါကတော့ Sword Fish Collar ပါ။ ကြက်သားလို.အထင်မှားတတ်ကြပါတယ်။ အရိုးတုံးဆိုပါတော့။ ဒါပေမယ့် အသားတွေက စားတောင် မနိုင်ပါဘူး။ ပွဲကကြီးတော့ ၂ ယောက်အသာလေး ရှယ်စားလို.ရတယ်။ ချက်တဲ့အချိန်က မိနစ် ၂၀ ကြာတဲ့အတွက် မှာရင် မိနစ် ၂ ၅ ကနေ မိနစ် ၃၀ အထိစောင့်ရပါတယ်။ ငါးအသားက အဲလောက်ထိ မချိုပေမယ့် တွဲပေးတဲ့ ဆော့စ်က အရမ်းကောင်းတဲ့ အတွက် အရသာရှိပါတယ်။ ဆော့စ်က တော့ Spicy Mango Venegratte (might spell wrong) လို.ခေါ်ပါတယ်။ ငါးကို အပြင်ကနေ ကြွပ်နေအောင်ကျော်ထားပြီး အတွင်းသာားတွေကတော့ နူးညံ့ပြီး အရာသာရှိပါတယ်။ Sword Fish က ဆိုင်တိုင်းမှာ ရောင်းတတ်တဲ့ ငါးမဟုတ်တော့ တခုတ်တရ မြည်းကြည့်သင့်ပါတယ်။
Fish & Co Ion Outlet

နောက်အားမှ  Fish & Co မှာစားထားတဲ့ အရင်က ပုံလေးတွေကို ပြန်ရှာပြီး ပြန်တင်လိုက်ပါ့မယ်။ နောက်စားရင်လဲ အသစ်ထပ်မရေးတော့ဘူး။ ဒီမှာပဲ လာပြန်ပေါင်းရေးတော့မယ်။ ပျင်းလို.။ အဟီး။ လာမယ့် နိုဝင်ဘာကျရင် တောင်ကြီးကိုသွားဖို. မစောင့်နိုင်တော့ဘူး။ သွားချင်လှပြီ။ တောင်ကြီးက ပြန်လာရင်တော့ ရှမ်းစာတွေကို သရေယိုဖို.သာပြင်ထားကြ ။
စားနိုင်ရင် ကိုယ့်ဖို.
ခိုင်ဝေဇံ

0 comments: