တို.များငယ်ငယ်တုန်းက (၁)


ခုချိန်နေ ငယ်ငယ်က အကြောင်းတွေကို ပြန်စဉ်းစားမိရင် နယ်မှာကြီးပြင်းလာရတဲ့ကိုယ့်ဘဝကို အင်မတန်ကျေနပ်မိပါတယ်။ ဘဝမှာ ဘာအချိန်ကို တန်ဖိုးအထားဆုံးလဲ အကျေနပ်ဆုံးလဲမေးရင် ရခိုင်ပြည်တခွင် ပြဲပြဲစင်အောင် လျှောက်သွားနေခဲ့တဲ့ အချိန်တွေ နေခဲ့ရတဲ့နေရာတွေ အားလုံးကို ကျေနပ်တယ်။ မြို.မှာ ကျောင်းနေ စာအုပ်ကျူရှင်နဲ. နပန်းလုံး တိုက်ခန်းကျဉ်းလေးတွေမှာ အသက်လုရှူရတဲ့ ဘဝမရှိခဲ့တာကို ကျေနပ်တယ်။ ကားဆီနဲ. ညှော်နံ. ချွေးနံ. နဲ. လုံးထွေးမနေတဲ့ လေ လတ်လတ်ဆတ်ဆတ်ကို ရှူခဲ့ရတဲ့ ကိုယ့်ကိုယ်ကို လူဖြစ်ရကျိုးနပ်တယ်လို.ထင်တယ်။

မွေးတုန်းကတော့ စစ်တွေပါပဲ။ ဒါပေမဲ့ ဘာကိုမှမမှတ်မိဘူး။ စစ်တွေမှာ သေးသေးလေးတုန်းကပဲနေခဲ့တာကိုး။ ကိုယ်မှတ်မိတဲ့ အချိန်ကိုယ် ဘူးသီးတောင်မှာ ရောက်နေပြီ။ ဝန်ထမ်း လုံးချင်းအိမ်သေးလေးမှာနေရတယ်။ အိမ်ရှေ.မှာ ရေကန်ကြီးတစ်ကန်ရှိတယ်။ အိမ်ဘေးမှာကပ်လျက် ဂွေးသီးပင် (ဝချိုင့်ပင်) အကြီးကြီးရှိတာကို မှတ်မိတယ်။ ပြီးတော့ ငှက်ဖျားကြောင့် ကွီနိုင်းဆေးတွေ ထိုးထားလို. လမ်းလျှောက်လို.မရတော့တဲ့ ကိုယ့်မောင်လေးရယ် ကိုယ်ရောပဲ နှစ်ယောက် လေးဘက်ထောက်တွားသွားနေရတာ မှတ်မိတယ်။ အိမ်နောက်ဖေးက ဆူးပင်တွေ ကာထားတဲ့ ချောင်းတစ်ချောင်းရှိတာကို သတိရတယ်။ အမေလိုက်ရိုက်ရင် တက်ပြေးလို.ရတဲ့ မအတုချေတို. ညီအစ်မတွေနေတဲ့အိမ်ကို သတိရတယ်။ ကိုယ့်ကို ပြုစုခဲ့တဲ့ ကုလားမကြီး ကာလာဘီကိုလည်း မှတ်မိတယ်။ ကိုယ့်ကို သိပ်ချစ်တာပဲလို.ပြောတယ်။ အရမ်းအလိုလိုက်တယ်တဲ့။ ပြီးခဲ့တဲ့နှစ်က ပါပါ မောင်တော ဘူးသီးတောင်ဘက်သွားတုန်းက ပါပါနဲ. ရုပ်တရပ်တွေ.လိုက်ပါတယ်တဲ့။ တောင်းစားနေပါတယ်တဲ့။ အသက်က ၉၀ ကျော်ပြီတဲ့။ ပါးပူကို သတိရတယ်လို.ပြောတယ်ဆိုတော့ ကိုယ် မျက်ရည်တွေတွေကျပါတယ်။ အဖေက ငွေ အင်းကျီတွေ ထောက်ပံ့ခဲ့တယ်။ ပါးပူပေးခိုင်းလိုက်တာလို. ပြောခဲ့တော့ မျက်ရည်တွေကျပါတယ်တဲ့။ နောက်ထပ်လည်း အဆက်အသွယ်မရတော့ပါဘူး။ သူကျန်းမာ ချမ်းသာပါစေလို. ဒီကနေ ဆုတောင်းပေးလိုက်ပါတယ်။

ကိုယ်နောက်ထပ် သတိရတာကတော့ စစ်တွေက အိမ်ကြီးမှာပါ။ လူတွေအပြည့်နဲ.။ တစ်ခြံလုံး။ အမေက ငိုနေတယ်။ အဖွားကငိုနေတယ်။ အားလုံးက ငိုနေတယ်။ ကိုယ်တစ်ယောက်ပဲ လူတွေများလို. ပျော်နေတယ်။ မောင်လေးဆုံးသွားပြီ။ ကိုယ်တို.နှစ်ယောက် ငှက်ဖျားဖြစ်တော့လည်း တူတူပဲ။ ဆေးထိုးကြတော့လည်းတူတူပဲ။ မောင်လေးက အူရောင်ငန်းဖျားဖြစ်သွားတယ်တဲ့။  အသေးစိတ်ကို မမှတ်မိတာပဲကောင်းပါတယ်။

နောက်ကိုယ်တို.ရန်ကုန်ရောက်သွားတယ်။ အမေ စိတ်ပြေလက်ပျောက်ပေါ့။ ရန်ကုန်မှာ အတော်ကြာကြာနေပြီးတော့ တိရိစ္ဆာန်ဥယျဉ်သွားကြတယ်။ ပါပါရယ်ကိုယ်ရယ် မေမေရယ်ပေါ့။ ပထမဆုံး ရေခဲမုန်.ဝယ်ကျွေးပါတယ်။  ရေခဲမုန်.ကို ကိုယ်ကစားနှင့်ပြီး အမေက ပိုက်ဆံထုတ်ရှင်းတဲ့ အချိန်မှာ ရေခဲမုန်.သည်က ပြောတယ် ၇၅ကျပ်တန်တွေလက်မခံတော့ဘူးတဲ့။ အားလုံး ပိုက်ဆံ ၇၅ကျပ်တန်ပဲပါတဲ့ သားအဖတစ်တွေ အိမ်ကို လမ်းလျှောက်ပြီးပြန်လာရပါတယ်။

ငယ်ငယ်တုန်းက ပိန်ပိန်လေးပါ။ မစားဘူး။ လူ၃ယောက်လောက်ဝိုင်းပြီးကျွေးရတယ်တဲ့။ တစ်ယောက်ကကျွေးဖို.။ နောက်နှစ်ယောက်လောက်က တုတ်တွေ ဘာညာကိုင်ပြီး ဒါဘယ်သူ.ကို ရိုက်မဲ့တုတ်ကြီးတုန်း  ထမင်းမစားတဲ့လူတွေကို ရိုက်တဲ့ တုတ်ကြီးပါ ဆိုပြီးတော့ အတိုင်အဖောက်နဲ. ကျွေးရတယ်လို.ပြောတာပဲ။ အဖေပြောလို.သာယုံရတာ သိပ်တောင်ကိုယ့်ဟာကိုယ် မယုံနိုင်ဘူး။ အသီးအရွက်လဲမစားဘူးလို.ပြောတာပဲ။ ခုများ အဲသလို ကျွေးစမ်းစေချင်တယ် အကြောင်းသိသွားစေရမယ်။ ဟီးဟီး။ ဒါပေမဲ့ အိမ်မှာသာမစားတာ သူများအိမ်ကို အလည်သွားတော့ ကြက်ပေါင်ကြော်ကို အတင်းစားလို. ဆွဲတောင်ထားရတယ်တဲ့။ ဒီလောက်တောင် ကြိုက်လှတာ ကဲစားစမ်းဟဲ့ ဆိုပြီး အိမ်မှာ အကောင်လိုက်ကြော်ပေးတော့ လှည့်တောင်မကြည့်ဘူးပြောတယ်။

ရန်ကုန်ကအပြန် ကိုယ်တို.စစ်တွေမှာနေလိုက်ကြသေးတယ်။ ပြီးတော့ ဘူးသီးတောင်ကို ပြန်လာတယ်။  ကိုယ်တစ်ယောက်တည်းပေါ့.။ မောင်လေးမပါတော့ဘူး။ စစ်တွေကနေ သင်္ဘော တစ်ရက်နဲ.တစ်ညစီးပြီး ဘူးသီးတောာင်ကို ရောက်ပါတယ်။ ရောက်ရောက်ချင်း နိုင်လွန်စ ဂါဝန် အနီရောင်ဝတ်ထားတဲ့ ကိုယ်က မီးနဲ.ဆော့ပါတယ်။ အမေက အိမ်ရောက်တော့ ဖယောင်းတိုင်လေးထွန်းတာပေါ့။ ကိုယ်က နောင်တစ်တိုင်ယူပြီး မီးကူးပြီး တော့ ပြန်မှုတ်လိုက် ပြန်ထွန်းလိုက် လုပ်တာပေါ့။ အမေတို.က အထုပ်တွေနဲ. အလုပ်များနေတော့ လုပ်ချင်တာတွေလုပ်ကော။ ပြီးတော့မှ ဘာစိတ်ကူးပေါက်တယ် မသိဘူး။ ဝတ်ထားတဲ့ ဂါဝန်ကို ဖယောင်းတိုင်နဲ. မီးတိုက်တော့တာပဲ။ နိုင်လွန်အပါးသားဆိုတော့ အင်းကျီက ဟုန်းခနဲ. မီးထလောင်ပါတယ်။ တအီးအီးတအားအားနဲ. ကိုယ့်ဟာကို လုပ်ပါသေးတယ်။ မရတော့မှ သံကုန်အော်တယ်။ အဖွား က မြင်တော့ ပြေးလာပြီး မီးလောင်နေတဲ့ အင်းကျီစကို ပုတ်ချလိုက်တာ ခြေဖမိုးပေါ်ကျပြီး အဲဒီမှာ မီးဆက်လောင်ပါတယ်။ အဖွားက လက်နဲ.မီးစကို ကိုင်ပြီး ဆွဲဖယ်လိုက်တော့ အရေပြားအလွှာလိုက်ပါသွားတယ်။ သေရာပါ အမာရွတ်ရသွားတယ်။နာတာတွေဘာတွေကို မမှတ်မိတော့ဘူး။း) တော်သေးတာပေါ့။ ကိုယ့်ဟာကို မမှတ်မိပါဘူး။ သူများတွေပြောပြတာပဲ။ ကိုယ်က ကိုယ်မမှတ်မိတော့ ငါမနာလို.မမှတ်မိတာ ဟုတ်လှချည်လားလို.ထင်တာ ဘယ်ဟုတ်မလဲ။ အော်ခွဲတာ ဟိုးတောင်ပေါ်က စစ်တပ်က တပ်ရင်းမှူးတွေ တပ်သားတွေ အကုန်ဆင်းလာကြတယ်လို. ပြောတယ်။ ကိုယ်တို.အိမ်ကဖြင့် တောင်နဲ. အဝေးကြီး အဟီး။

နောက်တော့ မောင်တောကို သွားရတော့ ကိုယ်မှတ်မိနေပြီ။ ကျောင်းတက်တော့ အလယ်ရွာကျောင်း။ ကိုယ်သူငယ်တန်းစတက်တယ်။ ကျောင်းမှာ ကြက်ဖခွပ်လွန်းအားကြီးလို. တစ်ချိန်လုံး အရိုက်ခံရတယ်။ အဲဒီ အချိန်မှာ ၈၈ အရေးအခင်းစဖြစ်တယ်။ သူငယ်တန်းတစ်ဝက်ပေါ့။ တစ်ချိန်တည်းမှာပဲ ကုလားရခိုင် အရေးအခင်းလည်း စဖြစ်တယ်။ ကိုယ်တို.နေတာက ကုလားဗလီ ရှေ.တည့်တည့်မှာ။ အိမ်ကို ဂျင်ဂလိ (လောက်လွှဲကို သံလုံးနဲ.ပစ်တာ) တွေ တဖြောင်းဖြောင်းနဲ. ကုလားတွေဝိုင်းပစ်ကြတာမှတ်မိတယ်။ အမေက ညီမလေး ဗိုက်ကြီးနဲ. ၈လရှိပြီ။ အိမ်ရှေ.က ဆင်းပြေးလို.မရတော့ အိပ်ခန်းထဲက ပျဉ်ပြားတွေခွာပြီး ဆင်းရတယ်။ အိမ်အနီးအနားမိသားစုတွေနဲ. ရဲစခန်းအလယ်မှာရှိတဲ့ ခံတပ်လို အိမ်ကလေးမှာ မအိပ်မနေ စောင့်နေရတယ်။ ကိုယ်ကတော့ အိပ်နေတာ နိုးတောင်မနိုးလို.  ထမ်းပြီးခေါ်ရတယ် ပြောတယ်။ အမယ်သူများက အနိုးပါ တစ်ချိန်လုံး။ တဖြောင်းဖြောင်း အသံတွေတောင်ကြားသေးတာပဲ။ အိပ်ခန်းပေါက်က တစ်ယောက်ပြီးတစ်ယောက်ဆင်းနေကြတော့ စောင့်ရလို. ပျင်းပြီးအိပ်သွားတာလို. ပြန်ပြောသေးတာ။ အမှန်တော့ ဘာမှတောင် မသိလိုက်ဘူး။ နောက်နေ.ကျတော့ မောင်တောကနေ အမေတို.စစ်တွေပြန်ပြေးကြပါတယ်။ ကျီးလန်.စာစားပေါ့ သားအမိအတွေ။ သင်္ဘောမှာ မောင်တောကပြေးကြတဲ့မိသားစုတွေနဲ. သီးနေတာပဲ။ စစ်တွေရောက်ပြီးသိပ်မကြာဘူး။ ထောင်ဖောက်မှုဖြစ်တယ်လေ။ အဲဒါနဲ. မရှေးမနှောင်းပဲ ညီမလေးကို မွေးပါတယ်။ ဒါကြောင့် ဒင်းခုလို ပူဆာနေတာပေါ့။ အရေးအခင်းမှာ မွေးတဲ့ဟာတွေ။ သူများတို.ပျော်မှပျော်ပဲ။ ကျောင်းမှမတက်ရတာ။ ကျောင်းပြန်တက်တော့ ပြည်တော်သာကျောင်းမှာ သူငယ်အတန်းတော်ကြီးကို သင်ကြားပြီး မြောက်ခဲ့ပါတယ်။ များတောင်များသွားပြီလားမသိဘူးရေးတာ။ ဓါတ်ပုံလည်းတင်စရာမရှိတော့ ပျင်းမှာစိုးလို. ရှည်ရှည်မရေးတာ။ ခုမှ သူငယ်တန်းပဲပြီးသေးတာနော် သဘောပေါက်။ ဆယ်တန်းအထိဆို စာအုပ်တောင် ထုတ်လို.ရမယ်ထင်တာပဲ။ အပိုင်း(၂) ဆက်ပါအုံးမယ်။ မျှော်။ မမျှော်လည်းနေကြပေါ့။ ရေးတာကတော့ ရေးအုံးမှာပဲ။ သူများတို.က စိတ်ကြီးတာ အဲဒီလို ။း)

စားနိုင်ရင်ကိုယ့်ဖို.
ခိုင်ဝေဇံ

0 comments: